သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် နိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှုကုန်ကျစရိတ်များကို လျှော့နည်းသက်သာစေမည့် LPG (သဘာဝရေနံဓာတ်ငွေ့ရည်) သုံး မြန်မာ့ပထမဆုံး လူထုမီးဖိုဆောင် (Community Kitchen) တစ်ခုကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့တွင် ဖွင့်လှစ်ခဲ့

၂၀၁၈ နိုဝင်ဘာ ၁၀။    ။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ဦးဆောင်တီထွင်ဆန်းသစ်သူဖြစ်သော ပါရမီစွမ်းအင်ကုမ္ပဏီများ အုပ်စုသည် နိုင်ငံ၏ပထမဆုံးဖြစ်လာမည့် LPG (သဘာဝရေနံဓာတ်ငွေ့ရည်)သုံး လူထုမီးဖိုဆောင်(Community Kitchen)တစ်ခု အား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နိုဝင်ဘာလ (၉) ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

Opening Ceremony of Community Kitchen, HoPong

လူထုမီးဖိုဆောင် (Community Kitchen) ဖွင့်ပွဲအခမ်းအနားကို ထို မီးဖိုဆောင်ထားရှိရာ ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာရှိ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းရှေ့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သောပြည်နယ်အစိုးရအဖွဲ့၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကမ္ဘာ လုံးဆိုင်ရာ LPG အဖွဲ့၏ Cooking for Life မှ Communication Director ဖြစ်သူ Ms. Alison Abbott ၊ သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်သူများ၊ အထူးဖိတ်ကြားထားသော ပြည်တွင်း/ပြည်ပ ဧည့်သည်များ၊ ဒေသခံတိုင်းရင်းသားများနှင့် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုတို့မှ စုစုပေါင်း လူဦးရေ (၄၀၀) ဦးခန့်တက် ရောက်ခဲ့ကြသည်။

Dr. Linn Htut, Chief Minister, Shan State  Dr. Aung Moe Nyo, Chief Minister, Magway Regionလူထုမီးဖိုဆောင် (Community Kitchen) ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က “Community Kitchen ဆိုတာ အများဝိုင်းဝန်း ချက်ပြုတ်ရာနေရာ တစ်ခုအနေနဲ့ မြင်ကြရပေမယ့် ဒီလူထု မီးဖိုဆောင်ရဲ့ အကျိုး သက်ရောက်မှုကတော့ အင်မတန်ကြီးမားတယ်လို့ ယုံကြည်မိပါတယ်။ အိမ်ရှင်မတစ်ယောက်၊အိမ်ထောင် စုတစ်ခု၊ အိမ်ထောင် တစ်အိမ်ထောင်မှာ သစ်တစ်ချောင်းခုတ်တာနဲ့ ထင်းတစ်စီးခုတ်တာနည်းပါးသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တောထဲက သစ်ပင် ပေါင်းများစွာ သက်သာရာရအောင် ဆောင်ကြဉ်းစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ သစ်ခုတ်ခံရတာ သက်သာရင် သစ်တောများ နဲ့တကွ သစ်တောများကို မှီတင်းနေထိုင်ကြတဲ့ ကုန်းနေ၊ ရေနေ သြကာသလောကကြီး တစ်ခုလုံးအတွက် ဂေဟစနစ်တစ်ခုကို လည်း ထိန်းသိမ်းရာရောက်ပါလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်မိပါတယ်” ဟု အဆိုပါအခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Ken Tun, CEO, Parami Energy

“သစ်တောပြုန်းတီးမှုတွေကို ကြည့်မယ်ဆိုရင် မီးဖိုဆောင်အတွက် သစ်တောတွေ ခုတ်တာကလည်း တော်တော်ကို စိုးရွားတဲ့ အနေအထားမှာရှိနေပါတယ်။ လွတ်လပ်ရေးမရခင်ကာလတုန်းက မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုဧရိယာဟာ ၆၀ ရာခိုင်နှုန်း ရှိပြီး အခုအချိန်မှာတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်။ နောက်ပြီးတော့ လျှပ်စစ်မီးသုံးစွဲမှုကို ကြည့်ရင်လည်း နိုင်ငံတော်က နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံစိုက်ထုတ်နေရပြီး ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံရဲ့ အသုံးစရိတ်တွေက ပိုမိုများပြားနေပါတယ်”ဟု ပါရမီစွမ်းအင်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးပြည့်ဝထွန်းက ပြောကြားခဲ့သည်။

“လျှပ်စစ်မီးအသုံးအများဆုံးအချိန်တွေကို လေ့လာကြည့်တဲ့အခါမှာ မနက်ပိုင်း ထမင်း၊ ဟင်းချက်တဲ့အချိန်နဲ့ ညနေပိုင်း ထမင်း၊ ဟင်းချက်တဲ့အချိန်တွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒိနေရာမှာ လျှပ်စစ်မီးနဲ့ အခြားလောင်စာ လျှော့သွားအောင်၊ ပြီးတော့ ပတ်ဝန်းကျင်လည်း မထိခိုက်အောင် သုံးနိုင်မယ့်လောင်စာတစ်ခု ရှိမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့လည်း ကုန်ကျစရိတ်တွေလည်း လျှော့မယ်၊ ပြီးသွားရင် သစ်တောဖုန်းလွှမ်းမှုဧရိယာလည်း ပိုပြီးများလာမယ်ဆိုပြီးတော့ စဉ်းစားကြည့်တော့ နိုင်ငံ့လူဦးရေရဲ့(၇၀) ရာခိုင်နှုန်းကျော်ရှိတဲ့ ကျေးလက်တောရွာဒေသတွေမှာ LPG (သဘာဝရေနံဓာတ်ငွေ့ရည်)ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ရင် ကောင်းမယ်ဆိုပြီး အခုဒီနေရာမှာ ပထမဆုံးစတင်လိုက်တာဖြစ်ပါတယ်” ဟု ပါရမီစွမ်းအင်၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝ ထွန်းက အခမ်းအနားတွင် ဆက်လက်ပြောဆိုသည်။

Pa-O Lady Cooking with LPG, Community Kitchen, HoPong

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအို့ဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဝင်းရှေ့တွင် ဖွင့်လှစ်ထားသည့် လူထုမီးဖိုဆောင်တွင် ထင်းအစားထိုးလောင်စာဖြစ်သည့် LPG (သဘာဝရေနံ ဓာတ်ငွေ့ ရည်)ကို အသုံးပြုပြီး ဒေသခံအိမ်ထောင်ရှင်မများအနေဖြင့် နေ့စဉ်အစားအစာများကို စုပေါင်းကာ အလွယ်တကူချက်ပြုနိုင်မည် ဖြစ်သည်။

“ဒီလူထုမီးဖိုဆောင်ကနေ အိမ်ရှင်မတွေဟာ သူတို့ရဲ့ အကောင်းဆုံး ဟင်းလက်ရာတွေကို စကားပြောရင်း၊ ဖလှယ်ရင်းနဲ့ ချက်နိုင် တယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဟင်းလက်ရာအဆင့်အတန်းတွေလည်း ပိုပြီးမြင့်မားလာမယ်။ အိမ်ရှင်မတွေ အချင်းချင်း လည်း ပိုပြီး ချစ်ချစ်ခင်ခင် ဖြစ်သွားမှာဖြစ်ပါတယ်” ဟု ဦးပြည့်ဝထွန်းက ပြောကြားခဲ့သည်။

Pa-O Lady Cooking with LPG, Community Kitchen, HoPong

အဆိုပါ လူထုမီးဖိုဆောင် (Community Kitchen)တွင် လာရောက်ချက်ပြုတ်သူ ဒေသခံအမျိုးသမီးဖြစ်သော ဒေါ်နန်းနွယ်က “ဒီနောင်တောင်းကျေးရွာမှာ အိမ်ခြေ (၁၀၀) ကျော်ရှိပါတယ်။ ဒီလူထုမီးဖိုဆောင်မှာ ဒီကျေးရွာတင်မကဘဲဟိုပုံးတစ်မြို့နယ်လုံး က အိမ်ရှင်မတွေ လာရောက်ချက်ပြုတ်လို့ရပါတယ်။ ကျွန်မတို့အနေနဲ့ အရင်ကတော့ ထင်းမီးဖိုသုံးပါတယ်။ အခု ဂတ်စ်မီးဖို ပြောင်းသုံးတဲ့အခါကြတော့ သုံးလည်း ကောင်းပါတယ်။ ကျန်းမာရေးရော၊ သန့်ရှင်းမှုရော အကုန်ကောင်းတယ်” ဟု ဆိုသည်။

ဒေသတွင်းအာဆီယံနိုင်ငံများ အပါအ၀င် တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် LPG (သဘာဝရေနံဓာတ်ငွေ့ရည်) ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော်လည်း မြန်မာနိုင်ငံရှိ အိမ်ထောင်စု (၁၀) သန်းတွင် အိမ်ထောင်စု (၃)သိန်းမှ (၅)သိန်းဝန်းကျင်သာ LPG ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

Ms. Alison Abbott, Communications Director, WLPGA

လူထုမီးဖိုဆောင် (Community Kitchen) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ကမ္ဘာလုံးဆိုင်ရာ LPG အဖွဲ့ (World LPG Association) ၏ Cooking for Life မှ Communication Director Miss Alison က “ LPG ရဲ့ထူးခြားချက်တွေကတော့ သန့်ရှင်းမှုရှိမယ်။ သယ်ဆောင်ရလွယ်ကူမယ်။ ၀ယ်ယူရလည်း လွယ်ကူမယ်။ ပြီးတော့ အင်မတန်ကောင်းမွန်တဲ့ စွမ်းအင်လည်းဖြစ်ပါတယ်။ လူထုအဖွဲ့အစည်းတွေ အိမ်တွေကို LPG မိတ်ဆက် ပေးတာဟာ လူနေမှုအဆင့်အတန်း တိုးတက်မှုကို ချက်ချင်းလက်ငင်း မြှင့်တင်ပေးရာလည်းရောက်ပါတယ်။ လူထုမီးဖိုဆောင်ကို ကျွန်မတို့အဖွဲ့အစည်းက အပြည့်အ၀ထောက်ခံပြီး ရေရှည်တိုးတက်ရေးကိုလည်း မျှော်လင့်မိပါတယ်” ဟု ပြောကြားခဲ့သည်။

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုအနေနှင့် အလားတူလူထုမီးဖိုဆောင် (Community Kitchen) များအား နိုင်ငံ၏ အခြားဒေသများ တွင် တည်ထောင်သွားရန်ရှိနေပြီး လာမည့် (၂၀၁၉) ခုနှစ်တွင် မကွေးတိုင်းဒေသကြီးတွင် လူထုမီးဖိုဆောင် (Community Kitchen) တစ်ခုကို တည်ထောင်သွားမည်ဖြစ်သည်။

“ဒီလူထုမီးဖိုဆောင် (Community Kitchen) တစ်ခုအပြင် နောက်ထပ် ထပ်မံဖော်ဆောင်မယ့် လူထုမီးဖိုဆောင် (Community Kitchen) တွေ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အလျှူရှင်တွေကိုပဲ စောင့်နေဖို့ မလိုပါဘူး။ အိမ်ရှင်မတွေထဲက တစ်ဦးဦးက ဦး ဆောင်ပြီး ဒီမှာလာရောက် ချက်ပြုတ်ကြမယ့် အိမ်ရှင်မတွေဆီက (ဥပမာ) တစ်နာရီချက်ရင် ဘယ်လောက်ဆိုပြီး ငွေကြေး အနည်းငယ်ကောက်ခံရုံနဲ့ နောက်ထပ်လိုအပ်လာမယ့်အရာတွေကိုဖြည့်ဆည်းရင်းနဲ့ ရေရှည်မှာစဉ်ဆက်မပြတ်လည်ပတ်ပြီးတော့ အောင်မြင်တဲ့ စီမံကိန်းတစ်ခုဖြစ်လာမယ်လို့ မြင်မိပါတယ်” ဟု ဦးပြည့်ဝထွန်းက ပြောကြားခဲ့သည်။

Group Photo at Myanmar's First Community Kitchen, HoPong

ကျေးလက်ဒေသများတွင်  ထင်း၊ မီးသွေးဖြင့် ချက်ပြုတ်ခြင်းဖြင့် ညစ်ညမ်းသည့် မီးခိုးငွေ့မှတဆင့် အဆုတ်လမ်းကြောင်းနှင့် ပတ် သက်သည့် ရောဂါများဖြစ်ပေါ်နိုင်ခြင်း၊ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ၏ (၄ဒသမ၃) သန်းသည် အရွယ်မတိုင်မီ သေဆုံးနေကြသည့်အတွက် ရေနံဓါတ်ငွေ့ရည် (LPG) အသုံးပြုခြင်းဖြင့် ယင်းပြသာနာကို ဖြေရှင်းပေးနိုင်ကြောင်း World LPG Association –WLPGA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။