ယခုနှစ်အတွင်း ရေနံဓာတ်ငွေ့ရည်အိုးများ ရန်ကုန်အိမ်သုံးဈေးကွက်သို့ ပါရမီစွမ်းအင် ဖြန့်ချီမည်

ပြည်တွင်းစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော ပါရမီစွမ်းအင် Parami Energy Group of Companiesသည် ရန်ကုန်မြို့ရှိ အိမ်ထောင်စု တစ်သိန်းခွဲကျော်ကို LPG ရေနံဓာတ်ငွေ့ရည်များ ယခုနှစ်အတွင်းမှာပင် ဖြန့်ချီသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ ဦးပြည့်ဝထွန်းက ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းထားသော LPG ရေနံဓာတ်ငွေ့ရည်များအား ထိုင်းနိုင်ငံ SMPC (Sahamitr Pressure Container) ကုမ္ပဏီထံမှ ၀ယ်ယူထားသည့် ဆလင်ဒါအိုးများထဲသို့ အလိုအလျောက်စက်ဖြင့် ဓာတ်ငွေ့ဖြည့်တင်းကာ ဈေးကွက်ဖြန့်ချီရောင်းချသွားမည်ဖြစ်သည်ဟု သိရသည်။

ဈေးကွက်သို့ ဖြန့်ချီရာတွင် အိမ်ထောင်စုများအတွက် ရည်ရွယ်သော 5 Kg, 12 Kg ပမာဏ၀င် ဆလင်ဒါအိုးများဖြင့် ဖြန့်ချီမည်ဖြစ်သည်။

ဦးပြည့်ဝထွန်းက “အရည်အသွေးမမှီတော့တဲ့ သက်တမ်းကြာ၊ ချို့ယွင်းနေတဲ့ ဂတ်(စ) (ဓာတ်ငွေ့) အိုးတွေကြောင့် ပြည်သူတွေအနေနဲ့ ဂတ်(စ) ကို သုံးစွဲဖို့ ကြောက်ရွှံ့မှုတွေရှိနေပါတယ်။ ပြီးတော့ ဂတ်(စ) ဖြည့်တယ်ဆိုရင်လည်း လူအင်အားနဲ့ ဖြည့်နေတာကြောင့် အိမ်ထောင်စု သိန်းနဲ့ချီပြီး သုံးစွဲဖို့ အဆင်မပြေနိုင်တာတွေကို တွေ့ရပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ LPG ရေနံဓာတ်ငွေ့ရည်သုံးစွဲမှုအနေအထားသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးလျက်ရှိပြီး လူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်သာ LPG ရေနံဓာတ်ငွေ့ရည်များသုံးစွဲနိုင်သေးသည်ဟု ဦးပြည့်ဝထွန်းက ပြောသည်။

၎င်းက ဆက်လက်ပြီး “ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် LPG ကို လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထက်က အသုံးပြုပြီး သုံးတဲ့ပမာဏက တစ်နှစ်ကို LPG ဓာတ်ငွေ့ရည် တန်ချိန် လေးသန်းလောက်ရှိပါတယ်” ဟု ဖြည့်စွပ်ပြောဆိုသည်။

မြန်မာ၏ လူဦးရေ ၅ ရာခိုင်နှုန်းခန့်လောက်က သုံးစွဲနိုင်သေးသည့် LPG ဓာတ်ငွေ့ရည်ပမာဏမှာ တစ်နှစ်လျှင် တန်ချိန် ခုနှစ်သောင်းခန့်သာရှိကြောင်း သိရသည်။

“မြန်မာပြည်ဈေးကွက်ကို ကြည့်ရင် တန်ချိန် တစ်သိန်းတောင် မပြည့်ပါဘူး။ အဆပေါင်း ၄၀ တောင်မရှိဘူး” ဟု ဦးပြည့်ဝထွန်းက နှိုင်းယှဉ်ပြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနှင့် မြန်မာပြည်အိမ်ထောင်စု တစ်သန်းကျော်အား ၂၀၂၀ ခုနှစ်အရောက်တွင် LPG ဓာတ်ငွေ့ရည်များ ဖြန့်ဖြူးပေးသွားနိုင်ရန် ရည်ရွယ်ထားကြောင်း ယခုနှစ် မတ်လအတွင်းက ပြောဆိုထားဖူးရာ ပါရမီစွမ်းအင်အနေနှင့် အစိုးရ၏ အစီအစဉ်ကို ပံ့ပိုးပေးရန်နှင့် ဈေးကွက်ဝေစုရရှိရန် ယခုကဲ့သို့ လုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် LPG တန်ချိန် ခုနှစ်သောင်းခန့်အား နယ်စပ်မှ တင်သွင်းနေပြီး ပါရမီစွမ်းအင်အနေနှင့် ၂၀၁၇ ခုနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သန်လျင်ရှိ LPG ဆိပ်ကမ်းကို ငှားရမ်း၍လည်းကောင်း၊ Elite Petroleum Company က ၂၀၁၈ ခုနှစ်၊ ဧပြီလမှစတင်ကာ သီလ၀ါအထူးစီးပွားရေးဇုန်ရှိ ၎င်းတို့၏ ဆိပ်ကမ်းမှ သဘောင်္များဖြင့် LPG ဓာတ်ငွေ့ရည်များကို တင်သွင်းလျက်ရှိသည်ဟုသိရသည်။

ရေနံ၊သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ချီခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ယခုနှစ်တွင် ရန်ကုန်အိမ်ထောင်စု တစ်သိန်းခွဲကျော်အား LPG ဓာတ်ငွေ့ရည် ဖြန့်ချီသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်အရောက်တွင် မြန်မာပြည်အိမ်ထောင်စု နှစ်သန်းကို LPG ဓာတ်ငွေ့ရည်များ ဖြန့်ဖြူးသွားမည်ဟုလည်း သိရသည်။

“နိုင်ငံတော်အနေနဲ့ နှစ်စဉ် အရှုံးခံပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေရပါတယ်၊ လျှပ်စစ်ဓာတ်အား အသုံးပြုတာအများဆုံးအချိန်ကလည်း ထမင်း၊ဟင်းချက်တဲ့အချိန်ဖြစ်ပါတယ်” ဟု ပါရမီစွမ်းအင်၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ဆိုသည်။

Source: BETV News