မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်လာမည့် အသေးစား Solar Mini-grid

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)(Off-grid)၊ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအစီအစဉ်အရမကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ဧရာဝတီနှင့် ချင်းတွင်းမြစ် ဆုံရာဒေသတွင် အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ် (Mini-grid) ကိုအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပါရမီစွမ်းအင် ကုမ္ပဏီနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးရွာမီးလင်းရေးကော်မတီတို့ကြားသဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို သြဂုတ်လ၊ (၂၄)ရက် ၂၀၁၈ နေ့ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးချုပ်၊ နေပြည်တော်တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပထမအဆင့် Mini-grid တည်ဆောက်ပြီးစီးပါကကျေးရွာပေါင်း (၈)ရွာရှိအိမ်ထောင်စုပေါင်း (၁,၅၀၀)ခန့်ကို (၂၄)နာရီပတ်လုံးလျှပ်စစ်မီးပေးနိုင်မည်ဖြစ်ပြီးနောက်ပိုင်းတွင် ကျေးရွာပေါင်း (၄၂)ရွာရှိအိမ်ထောင်စုပေါင်း (၇,၈၀၀)ခန့်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ၏ လျှပ်စစ်မီးမရရှိသေးသောကျေးလက်ဒေသများ လျှပ်စစ်မီးအမြန်ဆုံးရရှိပြီး လူနေမှုဘ၀ တိုးတက်မြင့်မားလာစေရေးရည်မှန်းချက်ကိုအကောင်အထည်ဖော်ရာတွင်ထိုကဲ့သို့ ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြီးနှစ်သွယ်ကြားတွင် တည်ရှိပြီးမဟာဓာတ်အားလိုင်းရောက်ရှိရန် အလှမ်းဝေးသည့် ဒေသများ လျှပ်စစ်မီးဖူလုံစွာရရှိရေးအတွက် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု၏ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါသည်။